ပြင်ဦးလွင်မြို့ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ အခမဲ့ကွင်းဆင်းရောဂါရှာဖွေဆေးကုသပေးခြင်းလုပ်ငန်းများဆောင်ရွက်

ပြင်ဦးလွင် ဇူလိုင် ၂၃ 

ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့်၊ ကုသရေးဦးစီးဌာန၊ ပြင်ဦးလွင်မြို့ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်၍ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများကအခမဲ့ ကွင်းဆင်းရောဂါရှာဖွေဆေးကုသပေးခြင်း

လုပ်ငန်းများဆောင်ရွက်ခြင်းကို  ယနေ့ နံနက်  ၈ နာရီမှစတင်ပြီး  ပြင်ဦးလွင်မြို့နယ်  ဇီးပင်ကြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ရှိ  ပတ္တမြားခန်းမဆောင်၌  ကျန်းမာရေး စောင့်ရှောက်မှုများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်မှုတွင် ခရိုင်ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီးဦးဆောင်၍ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် သူနာပြုများသည် ပြင်ဦးလွင်မြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်  (အထက်မြန်မာပြည် )ရှိ  ပတ္တမြားခန်းမတွင်  ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ သင်တန်းသား ၊ သင်တန်းသူများအား အထွေထွေရောဂါကုသခြင်း၊ ကလေးလူနာများကုသခြင်း၊  ခွဲစိတ်လူနာများအား ကြည့်ရှုပေးခြင်း၊   အကြောအဆစ်နှင့်ပတ်သက်၍ ကုသပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် သားဖွားမီးယပ်လူနာများအား ကြည့်ရှုပေးခြင်း၊ အရိုးနှင့်ထိခိုက်ဒါဏ်ရာရ လူနာများအား ကြည်ရှုပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါများအား ကုသပေးခြင်း ၊ မျက်စိလူနာများအား စမ်းသပ်ကုသပေးခြင်း၊  မျက်မှန်အခမဲ့စမ်းသပ်လှူဒါန်းခြင်း၊ Ultrasound အခမဲ့ရိုက်ကူးပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ ဓာတ်ခွဲအခမဲ့စစ်ဆေးပေးခြင်း၊ ECG အခမဲ့ ဆွဲပေးခြင်း၊ ဆေးဝါးအခမဲ့ ထုတ်ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  လာရောက် ကြည့်ရှုအားပေးကြသည်။ 

ဆက်လက်ပြီး  ဆေးဝါးကျွမ်းကျင်အဖွဲ့တို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ ၊ သင်တန်းသား ၊ သင်တန်းသူများ စုစုပေါင်း ၇၈၀  ဦးတို့အား စမ်းသပ်ကုသပေးခဲ့ကာ ဆေးဝါးများ အခမဲ့လှူဒါန်းခဲ့ပြီး အရေးပေါ်ဆေးရုံတက်ရောက်ရမည့် လူနာများအား ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ကုသရန် လွှဲပြောင်း ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ သိရသည်။  

ခရိုင် ပြန်/ဆက်