ကော့သောင်းမြို့အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ ပြည်သူများ၏မိသားစုဝင်ငွေတိုးရေးစီမံကိန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်း ပေးအပ်

ကော့သောင်း ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ဗျူဟာအခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့မဉ္ဇူသကခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊‌ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ၏မိသားစုဝင်ငွေတိုးရေးစီမံကိန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်း ပေးအပ်ပွဲအခမ်းအနားသို့  တက်ရောက်သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က “အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများသည် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်သည့် အဓိကစီးပွားရေးကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ရေး၊ လူငယ်များနှင့် အမျိုးသမီးများ၏ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှု မြင့်မားလာစေရေး၊ မိသားစုဝင်ငွေများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ပေးအပ်မည့် လုပ်ငန်းသုံးစက်ပစ္စည်းများသည် ပစ္စည်းပေးအပ်မှုတစ်ခုသာမဟုတ်ဘဲ သင်တန်းသူ၊ သင်တန်းသားများ၏ အနာဂတ်စီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက် အခြေခံအုတ်မြစ် တစ်ခုဖြစ်ပါကြောင်း၊  လုပ်ငန်းသုံးပစ္စည်းကို လက်ခံရရှိသည့် ထူးချွန်သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် မိမိတို့၏လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက မိမိတို့မိသားစုသာမက မိမိတို့နေထိုင်ရာဒေသအတွက်ပါ အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အောင်မြင်သော အသေးစားလုပ်ငန်းရှင်များအဖြစ်ရပ်တည်ပြီး အခြားပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် စံပြလုပ်ငန်းရှင်များဖြစ်လာအောင် ကြိုးစားသွားကြရန်” အမှာစကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုလုံးတုံတုံးကျေးရွာမှ အမျိုးသမီးများဝင်ငွေတိုးရေးဆောင်ရွက်ခဲ့သည့် စီမံကိန်းသင်တန်းတက်ရောက်ခဲ့သည့် ထူးချွန်သင်တန်းသူ (၅)ဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ ခမောက်ကြီးမြို့မှ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း‌ ဖန်တီးပေးနိုင်ရေး ဆောင်ရွက်ခဲ့သည့် စီမံကိန်းသင်တန်းတက်‌ရောက်ခဲ့သည့်  ထူးချွန်သင်တန်းသူ (၅)ဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများလည်းကောင်း၊ ကော့သောင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ရွှေပြည်သာရပ်ကွက်မှ အသေးစား၊အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်ခဲ့သည့် စီမံကိန်းသင်တန်း တက်ရောက်ခဲ့သည့် ထူးချွန်သင်တန်းသား (၅) ဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများပေးအပ်ခဲ့ကြသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းငန်းသုံး စက်ပစ္စည်းများရရှိသည့် သင်တန်းသူ/သင်တန်းသားများအား အားပေးစကားပြောကြား‌၍ စက်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)