ရန်ကုန် ဇူလိုင် ၂၃
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုက် ကွမ်ဒိုအဖွဲ့ ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ အုပ်ချုပ်သူများ/ နည်းပြများ၊ အားကစား သမားများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကား ပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အား ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ များကို ပေးအပ်သည်။
အဆိုပါ ပြိုင်ပွဲကို အားကစားသမား(၂၂၁)ဦးဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့မှ ဇူလိုင်လ (၂၇)ရက် နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)