ကျောက်ဆည် ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းခန့်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဆိတ်ပလိပ်ရောဂါကြောင့် ဆိတ်မွေးပြည်သူများ ဆုံးရှုံးနစ်နာမှုမရှိစေရေး ဆိတ်မွေးခြံများသို့ ကွင်းဆင်း၍ ဆိတ်ပလိပ်ရောဂါ ဖြစ်ပွားမှုစူးစမ်းရှာဖွေရန်အတွက် သွေးရည်ကြည်နမူနာပစ္စည်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ဆိတ်မွေးမြူရေးလုပ်ငန်းများကို ဆူးလေကုန်း၊ ဖျောက်ဆိပ်ပင်၊ ပနန်၊ မှိုင်းပန်၊ နောင်ခမ်းကျေးရွာများတွင် အများဆုံးမွေးမြူကြောင်းသိရပြီး ဆိတ်မွေးမြူရေးပြည်သူများအနေဖြင့် မိမိတို့မွေးမြူထားသော သိုး၊ ဆိတ်များ၏ ကျန်းမာရေးကို ပုံမှန်စောင့်ကြည့်အကဲခတ်ရန်၊ ရောဂါ ကင်းစင်သည့် ခြံနှင့်ဒေသမှ ဆိတ်များကိုဝယ်ယူမွေးမြူသွားကြရန်၊ ဝယ်ယူထားသည့် သိုးဆိတ်အသစ် များကို ခြံအတွင်းသို့ ထည့်သွင်းမွေမြူခြင်းမပြုမီ ၂ ပတ်ခန့် သီးခြားခွဲထားရန်နှင့် ဆိတ်ပလိပ်ရောဂါအကြောင်း၊ ရောဂါကူးစက်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများနှင့် ရောဂါကြိုတင်ကာကွယ်ခြင်း နည်းလမ်းအကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)