ချမ်းမြသာစည် ဇူလိုင် ၂၃
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ လေးမျက်နှာဘုရားဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက ဒေသခံပြည်သူများ၏ အသံကို နားထောင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူများ ပိုမိုပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ “ဒေသဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(PUBLIC TALK) ဆွေးနွေးပွဲ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက “ဒေသဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ကိုယ်စား) ဦးစီးအရာရှိ ဒေါ်သဲနုအောင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးခင်ဇော်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ဂျုံဂျုံတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းကဏ္ဍဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များမေးမြန်းရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)