ပျော်ဘွယ်မြို့နယ်၊ ဂွေးဇီးကျေးရွာအုပ်စု၊ မယ်ဇလီအိုင့်ကျေးရွာ၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပျော်ဘွယ် ဇူလိုင် ၂၃

ပျော်ဘွယ်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အကျိုးပြုရက်(၁၀၀)စီမံချက်ဖြင့်ပြုလုပ်ပေးခဲ့သော ကျေးရွာမြေငှား ဂရန်ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီခွဲက ဂွေးဇီးကျေးရွာ အုပ်စု၊ မယ်ဇလီအိုင့်ကျေးရွာ၊ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ် သည်။

အခမ်းအနားတွင် ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က နိုင်ငံတော်အနေဖြင့် ပြည်သူများ၏မြေယာဆိုင်ရာအခွင့်အရေးများကို ဥပဒေနှင့်အညီ အကာအကွယ် ပေးနိုင်ရေး၊ မြေယာစီမံခန့်ခွဲမှုစနစ် တကျရှိစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန်အတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် မြေငှားဂရန်၏ အသုံးဝင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးအောင်နိုင်ညွန့်၊ ဒေါ်သန်းသန်းအေး၊ ဦးဇော်ဝင်း၊ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မြင့်ထွေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကျေးရွာမြေငှားဂရန်ရရှိသူများထံ မြေငှားဂရန်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

ထို့နောက် ရွာမိရွာဖ ဦးအောင်နိုင်ထွေးက မြေငှားဂရန်ရရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အကျိုးပြု ရက်(၁၀၀)စီမံချက်ဖြင့်မယ်ဇလီအိုင့် ကျေးရွာတွင် ပြည်သူ ၉၂ ဦးအား မြေငှားဂရန်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)