တိုက်ကြီး ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိနိုင်မှု အပေါ် မူတည်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက်(၁၈)နှစ်အထက် ဦးစားပေး အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ မြို့နယ်အတွင်းရှိ ဦးစားပေးအုပ်စုများ အလိုက် လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများ အနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် ဦးစားပေးအုပ်စုများအလိုက် အသက် (၁၈)နှစ် အထက် လူဦးရေစာရင်းအား ကောက်ယူနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နေမင်းမျိုးထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)