ကျိုင်းတုံ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့က အဆိုပါကျောင်း သီရိမင်္ဂလာခန်းမတွင်ကျင်းပရာ ကျိုင်းတုံပညာရေးဒီဂရီကောလိပ် သင်တန်းသား၊သင်တန်းသူများက အလှဆုံးဥယျာဉ်မှူးသီချင်းဖြင့် လူငယ်စကားဝိုင်းကို သီဆိုဖွင့်လှစ်သည်။
စကားဝိုင်းတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးမောင်က လူငယ်စကားဝိုင်းကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ကျိုင်းတုံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊သင်တန်းသူများက လူငယ်နှင့်စာကြည့်တိုက်ခေါင်းစဉ်များဖြင့် ကဏ္ဍအသီးသီးမှ ဆွေးနွေးကြရာ လူငယ်စကားဝိုင်းတက်ရောက်လာကြသူများနှင့် သင်တန်းသား၊သင်တန်းသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။ ယင်းနောက် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနော်၊ ဦးစိုင်းလှိုင်ခမ်းနှင့်တာဝန်ရှိသူများက လူငယ်စကားဝိုင်းဆွေးနွေးကြသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး ကျိုင်းတုံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စဝ်မြတ်မွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်မှ ဘာသာရပ်များအလိုက် သင်ထောက်ကူပြုခန်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များကို လူငယ်စကားဝိုင်းတက်ရောက်လာကြသူများနှင့် သင်တန်းသား၊သင်တန်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)