ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့် တွေ့ဆုံ၊ ယူရီးယားဓာတ်မြေသြဇာအိတ်များ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး

မိုးညှင်း ဇူလိုင် ၂၃

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးညှင်းမီးရထားခရီးစဉ် ဖွင့်လှစ်ပြီး မိုးညှင်းခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက်ပိုင်းက မိုးညှင်းမြို့နယ်၊ ပင်းဟဲကျေးရွာအတွင်း မိုးစပါးသီးနှံ သဘာဝမြေသြဇာနှင့် ယူရီးယားဓာတ်မြေသြဇာ(၃ : ၁) အချိုးကျရောစပ်အသုံးပြုခြင်းကွင်း သရုပ်ပြပွဲနှင့် မိုးပဲပုတ်သီးနှံသီးမျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ ပင်းဟဲကျေးရွာအုပ်စု ပင်းဟဲကွင်းဘေး၌ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးညှင်းခရိုင်သည် ကချင်ပြည်နယ်၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိက အားထားရဆုံးခရိုင် တစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် မိုးစပါးသီးနှံ (၂၅၂၅၅၆)ဧကနှင့် နွေစပါး စုစုပေါင်း (၂၅၂၇၄၈)ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ဒေသဝမ်းစာဖူလုံမှု (၂၁၃ ဒဿမ ၁၂) ရာခိုင်နှုန်းထိရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုနှစ်တွင်လည်း မိုးစပါးလျာထားချက် (၂၅၂၃၁၉) ပြည့်မီကျော်လွန်အောင်စိုက်ပျိုးနိုင်ရေး ကြိုးစားကြစေလိုကြောင်း၊ ထို့အပြင် ဆီထွက်သီးနှံ သီးထပ်များကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မိုးညှင်းတပ်နယ်မှူးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က မိုးပဲပုတ်သီးနှံမျိုးစေ့အိတ်များ၊ သဘာဝမြေသြဇာနှင့် ယူရီးယားဓာတ်မြေသြဇာအိတ်များ၊ ရွက်ဖျန်းမြေသြဇာအိတ်များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့အိတ်များကို ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများထံ အသီးသီးထောက်ပံ့ပေးအပ်ကြပြီး တောင်သူတစ်ဦးက စိုက်ပျိုးရေးအတွက် ရိပ်သိမ်းခြွေလှေ့စက်လိုအပ်ချက်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များတင်ပြမှုအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံတောင်သူများနှင့်အတူ တောင်သူဦးကျော်လင်း၏ မိုးစပါးစိုက်ခင်းအတွင်း သဘာဝမြေသြဇာနှင့် ယူရီးယားဓာတ်မြေသြဇာ (၃ : ၁) အချိုး ကျရောစပ်အသုံးပြုခြင်း ကြဲပက်ခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် နားခါရပ်ကွက်အတွင်းရှိ မြို့နယ်စိုက်ပျိုးရေးပညာပေးရှေ့တန်းစခန်း၌ ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံဖြင့် ယူရီးယာဓါတ်မြသြဇာအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယူရီးယားဓါတ်မြေသြဇာအိတ်များကို တောင်သူများထံ အဖိုးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းမှ (၃၈၉၂) အိတ်နှင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ (၄၂၀၃) အိတ်ဖြင့် စုစုပေါင်း (၈၀၉၅) အိတ်တို့ကို ယခုစိုက်ပျိုးရာသီချိန်အတွက် အသုံးပြုနိုင်ရန် သက်သာသောစျေးနှုန်းဖြင့် ယခုလို ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၂၂) မှ တောင်သူပေါင်း (၁၇၀၀)ကျော်တို့အတွက် ယူရီးယာဓာတ်မြေသြဇာအိတ်ပေါင်း (၂၁၀၈) အိတ်ကို သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဝေပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ရတနာခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန၊ မိုးညှင်းမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နေ့ချင်းအပြီး ဆောင်ရွက်ပေးနိုင်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား/ ကျောင်းသူများ လက်ဝယ်သို့လည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီးထံလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းနှင့် ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ကျောင်းဘင်ခရာအဖွဲ့အတွက် ဘင်ခရာဝတ်စုံဝယ်ယူနိုင်ရေး ချီးမြှင့်ငွေကျပ်သိန်း ၅၀ ကို ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် စုပေါင်းရုံးရှိ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရက် (၁၀၀)စီမံချက်အရ‌ ဆောင်ရွက်ပြီးစီးခဲ့သော ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်ဖြင့် အင်ကြင်းကျေးရွာအတွင်း နေထိုင်သူပြည်သူများအတွက် တရားဝင်အထောက်အထားဖြစ်သည့် ကျေးရွာမြေငှားဂရန်ကို ရရှိခြင်းအားဖြင့် ကျေးရွာနေပြည်သူလူထု၏ ပိုင်ဆိုင်မှုအထောက်အထား ပိုမိုခိုင်မာသွားစေမည်ဖြစ်ပြီး မြေယာနှင့် ပတ်သက်သည့် အရှုပ်အရှင်းများလည်း လျော့နည်းသွားစေမည်ဖြစ်ပါကြောင်း ပြောကြာပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါ ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၂၉)ခုအတွက် ဆောင်ရွက်ပေးခဲ့သော ကျေးရွာမြေငှားဂရန်များကို ဒေသခံများလက်ဝယ်အရောက်ပေးအပ်ခဲ့ကြရာ ကျေးရွာရပ်မိရပ်ဖပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်အတွင်းရှိ ကချင်ရိုးရာမနောကွင်းအတွင်း မော်လူး၊ ကသာ၊ အင်းတော်ဒေသများမှ နယ်မြေလုံခြုံရေး အခြေအနေအရ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား အားပေးအမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၁၀၄) စုတို့အတွက် ဆန် (၂၄)ပြည်ပါအိတ် (၁၀၄)အိတ်နှင့် ဆီ (၁၀၄) ပိဿာတို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် စခန်းနေ မိသားစုများအတွက် နေထိုင်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများအကြား ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စခန်းနေမိသားစုများအတွက် ရေစင်နှင့် ရေတင်စက် တပ်ဆင်ပေးနိုင်ရေးအတွက်လည်းကောင်း၊ စခန်းနေမိသားစုများ၏ နေအိမ်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်‌ဆေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီ စံပြကျေးရွာအတွင်းရှိ KT အသားတိုးကြက်ခြံသို့ သွား‌ရောက်ခဲ့ကြပြီး ကြက်ခြံများအတွင်း အသားတိုးကြက်ကောင်ရေ (၅၀၀၀)ကျော် မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကြက်သားပေါက်ကောင်ရေမှာယူရရှိမှု အခြေအနေများနှင့် ကြက်စာမှာယူရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ပေးအပ်ခဲ့သည်။

ယင်းနောက် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်၊ စုပေါင်းရုံးရှေ့၊ စိမ်းလဲ့သာယာပန်းခြံနှင့် ပြည်သူ့ ရင်ပြင်အကြား အများပြည်သူ အပန်းဖြေအနားယူနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရက် (၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အရှည် ၈၅၀ ပေ၊ အကျယ် ၁၈ ပေရှိ လမ်းအား သဲကျောက်အမာခံခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး ဘေးဝဲ/ယာရေနှုတ်မြောင်း တူးဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် အရိပ်ရပန်းပွင့်သည့် အပင်များစိုက်ပျိုးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)