တောင်ဥက္ကလာပ ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၅)ရပ်ကွက် သာသနာ့မဂ္ဂဓမ္မာရုံ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တောင်ဥက္ကလာပမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကိုက အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ် ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးမျိုးဇော်ဦး၊ အမှတ်(၂၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ဒုရဲမှူး ချစ်မင်းထွန်း၊ တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်ဇေယျာထွန်းတို့က ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများ၊ မှုခင်းကျဆင်းရေး အသိပညာပေးခြင်းအား ဟောပြောဆွေးနွေးခဲ့ကြပြီး မြို့နယ်ယဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူ များက ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။
ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၁၅)ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)