ဒေါပုံ ဇူလိုင် ၂၂
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အဆင့် ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်သားဖွားခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ ဗိုလ်တထောင်ခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ရှိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမျိုးခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများထံ ဖြန့်ဝေပေးခဲ့ကြပါသည်။
ထို့နောက် သင်တန်းနည်းပြများက ဆယ်အိမ်စုမှူးများ သိသင့်သိထိုက်သော ကျန်းမာရေးစောင့် ရှောက်မှုများနှင့် တိုင်းရင်းဆေးဝါးများအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီး ပို့ချခဲ့ကြ ပါသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသူ (၇၀) ဦးတက်ရောက်သင်ယူခဲ့ကြရာ သင်တန်းကာလမှာ (၁) ရက်တာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို သိနားလည်စေပြီး မိမိတို့ရပ်ရွာများတွင် ပြန်လည် အသုံးချတတ်စေရန်နှင့် ကျန်းမာရေးဗဟုသုတများကို ရပ်ရွာနေပြည်သူများ ဆင့်ပွားသိရှိနိုင်စေရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)