ကျောက်တန်း ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ကျောက်တန်းမြို့နယ်၊ တံတားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာ၀န်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာမျိုးထွန်းက ခွေးရူးရောဂါ ကာကွယ်တားဆီးရေးအတွက် ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ၊ ခွေးရူးရောဂါ ကူးစက်ခံရနိုင်သည့် နည်းလမ်းများ၊ ခွေးရူးရောဂါကူးစက်ခံရမှုအန္တရာယ်ရှိသောသူများ၊ ခွေးရူးရောဂါဖြစ်ပွားနိုင်သည့်အချက်များ၊ ခွေးရူးပြန်ရောဂါ လက္ခဏာများအကြောင်းနှင့် လူတွင်ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ကာကွယ်သည့်နည်းလမ်းများ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး မဖြစ်မနေ ထိုးရမည့်အခြေအနေများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးထွန်း၊ စည်ပင်သာယာရေးအဖွဲ့မှတာ၀န်ရှိသူများ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ကျောင်းသူ ၃၁၅ ဦး တက်ရောက်ခဲ့ကြပြီး တံတားမြို့ရှိ ခွေး/ကြောင်များအား အခမဲ့ခွေးရူးကာကွယ်ဆေးများ လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)