မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်း‌‌ကျောင်းများ၌ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲများကျင်းပ

မြစ်ကြီးနား ဇူလိုင် ၂၃

ကချင်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာများကြွယ်ဝ၍ လူကုန်ကူးမှုဖြစ်ပွားမှုမရှိစေရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးအသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၁ ရက်က မြစ်ကြီးနားမြို့ အမှတ် (၅) နှင့် အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်းများရှိ ခန်းမများ၌ ကျင်းပခဲ့ကြသည်။

အဆိုပါဟောပြောပွဲများတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်ဆိုင်းက အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုတိယ‌ရဲမှူး ရဲနေဝင်းအောင်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုမခံရအောင် ဆောင်ရန်/ရှောင်ရန်များ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်များနှင့် သက်ငယ်မုဒိမ်းမှု တာဆီးကာကွယ်ရေးဆိုင်ရာများကို အသိ ပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တက်ရောက်လာသည့် ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များနှင့် အာဟာရမုန့်များအား ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)