တံတား ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျား/မ အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကျောက်တန်းမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ခေတ္တဥက္ကဋ္ဌ ဒေါ်ခင်အေးညွန့်က ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ "ကျား/မ အခြေပြု အကြမ်းဖက်မှု" ဆိုတာကို ခဏခဏ ကြားဖူးကြောင်း၊ အမျိုးသား၊ အမျိုးသမီး( သို့မဟုတ်) လိင်စိတ်ခံယူမှု အကွဲအပြားပေါ် မူတည်၍ တစ်ဖက်သားအပေါ် ထိခိုက်နာကျင်စေရန် မတရားပြုမူဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ အများစုက "အကြမ်းဖက်မှု" လို့ ပြောလိုက်လျှင် ရိုက်နှက်တာ၊ ထိုးကြိတ်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ နာကျင်အောင် လုပ်တာတစ်ခုတည်းကိုပဲ ပြေးမြင်လေ့ရှိကြောင်း၊ တကယ့်လက်တွေ့၌ အကြမ်းဖက်မှု အမျိုးအစားများစွာရှိကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှာ ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း၊ ထိုးကြိတ်ခြင်းနှင့် ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရအောင်ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှာ ခြိမ်းခြောက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း၊ နှိမ့်ချခံရအောင်ပြောဆိုခြင်း၊ စိတ်ဒဏ်ရာရအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှာ သဘောတူညီချက်မရှိဘဲ မဖွယ်မရာပြုမူခြင်း၊ မုဒိမ်းကျင့်ခြင်း၊ သဘောမတူဘဲ ခန္ဓာကိုယ်ကို ကိုင်တွယ်ထိပါးခြင်းဖြစ်ကြောင်း၊ စီးပွားရေးအရ အကြမ်းဖက်မှုများမှာ ငွေကြေးသုံးစွဲခွင့်ကို ချုပ်ချယ်ခြင်း၊ အလုပ်လုပ်ခွင့်မပေးခြင်း၊ စီးပွားရေးအရ မှီခိုနေရမှုကို အခွင့်ကောင်းယူ၍ အနိုင်ကျင့်ခြင်းတို့ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ပပျောက်ရေးဆိုသည်မှာ လူတစ်ဦးတစ်ယောက်တည်းဆောင်ရွက်၍ မရကြောင်း၊ ငြိမ်းချမ်းပြီး အကြမ်းဖက်မှုကင်းစင်သည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပေါ် လာဖို့အတွက် ကျွန်မတို့ တစ်ယောက်ချင်းစီက စတင်ပြီးအပြောင်းအလဲကို ဖော်ဆောင်ကြရန် လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် တံတားမြို့၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများကကိုယ်ဝန်ဆောင်မိခင် များအား သွေးပေါင်ချိန်ပေးခြင်း၊ ခန္ဓာကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ဆီးချိုသွေးချို တိုင်းပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)