ရန်ကုန်နည်းပညာတက္ကသိုလ်၌ လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန် ဇူလိုင် ၂၃

ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာပေဗဟုသုတ များတိုးပွားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိသည့်အပြင် လူငယ်အချင်းချင်းချစ်ခင်ရင်းနှီးမှုများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ဇူလိုင်လ(၂၂)ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်နည်းပညာတက္ကသိုလ် စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာလှမျိုးထွန်းက အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသူရိန်လင်းက မုဒိတာစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို အင်းစိန်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာကဦးဆောင်ဆွေးနွေးသူအဖြစ် လည်းကောင်း၊ ရန်ကုန်နည်းပညာ တက္ကသိုလ် မြန်မာစာဌာန ကထိကဒေါ်နီလာတင့်က တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် လည်းကောင်း၊ ကျောင်းသား/ကျောင်းသူ (၆)ဦးတို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်စာရိတ္တ စသည့်ခေါင်းစဉ်များဖြင့် လည်း ကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက မိမိတို့သိလိုသည်များကို ‌မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူများကပြန်လည်ရှင်းလင်းခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်ဆက်)