မော်လမြိုင် ဇူလိုင် ၂၂
မွန်ပြည်နယ်အတွင်း ရော်ဘာနှင့်နှစ်ရှည်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန်မပျက် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန(မော်လမြိုင်)သို့ ရောက်ရှိပြီး သုတေသနခန်းမဆောင်တွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဦးစွာ နှစ်ရှည်သီးနှံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးက နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ရေမြေဒေသနှင့်ကိုက်ညီပြီး အစေးထွက်နှုန်းကောင်းသော ရော်ဘာမျိုးကောင်း၊ မျိုးသန့်များရရှိရေးနှင့် ရော်ဘာ အထွက်နှုန်းတိုးတက်စေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရော်ဘာစိုက်ပျိုး၊ ထုတ်လုပ်မှုစွမ်းအားမြင့်မားလာစေရန်အတွက် မိမိတို့ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ရော်ဘာမျိုးများကို ဦးစားပေးစိုက်ပျိုးသွားရန် လိုအပ်ကြောင်း လမ်းညွှန် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့သည် စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)ရှိ သုတေသန ဌာနခွဲများ၌ မြေ၊ ရေ၊ ဓါတ်မြေဩဇာ၊ မျိုးကောင်း၊ မျိုးသန့်များနမူနာဓါတ်ခွဲစစ်ဆေးခြင်း၊ သုသေတနစမ်းသပ်ကွက်များမှ ရော်ဘာအစည်းရည်များအား အဆင့်မြင့်ရော်ဘာပြားများ ထုတ်လုပ်ခြင်းနှင့် အခြားသုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ(မုဒုံ)သို့ ရောက်ရှိပြီး ဦးစွာနှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ခြံတာဝန်ခံက ခြံလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မွန်ပြည်နယ်၌ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ဖိုရမ်တစ်ခုပြုလုပ်သွားရန်ရှိသဖြင့် ၄င်းဖိုရမ်တွင် ရာဘာနှင့်ပတ်သက်သည့် အချက်အလက်များအား တင်ပြရန်ရှိသဖြင့် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြား၍ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံအတွင်း စံပြရာဘာပင်များ စိုက်ပျိုးထားရှိမှုအား လှည့်လည်ကြည့်ရှု့ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာရှိ ဦးသိန်းဌေး၏ ဥစားဘဲမွေးမြူရေးခြံသို့ရောက်ရှိပြီး ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် မွေးမြူရေး လုပ်ငန်းရှင်တို့မှ ဥစားဘဲမွေးမြူရေးခြံ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ ဥစားဘဲမွေးမြူရေးခြံအတွင်း ဘဲအကောင်ရေ (၃၀၀၀)ကောင် စီပွားဖြစ်မွေးမြူထားရှိအပေါ် ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အစိုးရနည်းပညာ အထက်တန်းကျောင်း (မောင်လမြိုင်)ရှိ ကျောင်းသား၊ ကျောင်းသူများအား သွားရောက် တွေ့ဆုံ၍ ဦးစွာ အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးက ကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးတွင် နည်းပညာနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း၊ စက်မှုနည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ကဏ္ဍများတွင် ခေတ်မီနည်းပညာများနှင့်အညီ စဉ်ဆက်မပြတ် လေ့လာအားထုတ် ကြစေလိုကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)နှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ရွာလွတ်)မှ ကျောင်းသား၊ ကျောင်းသူများအား ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)