ကော့မှူး ဇူလိုင် ၂၃
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၏ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတို့ ပူးပေါင်း၍ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်း ကျေးရွာလူငယ်သင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမိုးဆမ်းပန်းနှင့် ငှက်အော်စမ်းကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး-၂ ဒေါ်မာလာဝင်းတို့က ပြောကြားရာတွင် ခွေးကိုက်ခံရပါကဦးစွာခွေးကိုက်ဒဏ်ရာကို ချက်ချင်းရေများများဖြင့် ဆပ်ပြာသုံး၍ ဆေးကြောရမည်ဖြစ်ကြောင်း၊ ဒဏ်ရာကိုအရက်ပြန် (သို့မဟုတ်) ပိုးသတ်ဆေး (Povidone iodine)ရှိပါက ထည့်ပေးပြီးနီးစပ်ရာ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား၍ ဆေးကုသမှုခံယူသင့်ကြောင်း၊ခွေးကိုက်ခံရပြီး ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆရာဝန်ညွှန်ကြားချက်နှင့်အညီဆေးကုသမှုခံယူရမည်ဖြစ်ကြောင်း၊ ခွေးကိုက်ဒဏ်ရာကို ဆေးမီးတိုနှင့် ကုသခြင်း၊ ဗိန္ဒောနည်းဖြင့်ကုသခြင်း၊ မန်းမှုတ်ခြင်းမျိုးများလည်း မပြုလုပ်သင့်ကြောင်းနှင့် ပတ်တီးစည်းခြင်းများလည်း မလုပ်ဆောင်သင့်ကြောင်း၊ ခွေးရူးရောဂါမဖြစ်ပွားအောင် ကြိုတင် ကာကွယ်ဆောင်ရွက်ရမည့်အချက်များတွင် မိမိတို့၏အိမ်မွေးခွေးများကို တစ်နှစ်တစ်ကြိမ် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးရမည်ဖြစ်ကြောင်းနှင့် ခွေးရူးရောဂါနှင့်ပတ်သက်သော အကြောင်းအရာများအားဟောပြောခဲ့ပြီး ခွေးရူးရောဂါကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းအတွင်းရှိ မွေးမြူထားသောခွေး အကောင်ရေ(၃၀)အား ဒေါက်တာမိုးဆမ်းပန်းနှင့်ဝန်ထမ်းများက ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)