ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရန် အလှူငွေကျပ်သိန်း (၂၄၀၀) ကျော် လွှဲပြောင်းပေးအပ်လှူဒါန်း

ပျော်ဘွယ် ဇန်နဝါရီ ၂၅

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရန် အလှူငွေများ လွှဲပြောင်းပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ ဦးသိန်းထွန်းက အလှူခံဌာနကို ဇန်နဝါရီလ(၁၇)ရက်နေ့မှ (၂၃) ရက်နေ့အထိ ဝဏ္ဏကျော်ထင်အမေထိန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါကြောင်း အလှူငွေရရှိရေး ပူးပေါင်းပါဝင်သူ များနှင့် အလှူရှင်များကို ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့အချိန်တွင် ကာကွယ်ဆေးထိုးနှံရန် အတွက် စာရင်းဇယားများအား စတင်ကောက်ခံလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးသည်။

ပျော်ဘွယ်မြို့နယ်ရှိ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆံပင်လုပ်ငန်းရှင်များ၊ ရဟန်း ရှင်လူပြည်သူများစုပေါင်း၍ လှူဒါန်းခဲ့သောအလှူငွေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူနိုင်ရန် ဖွဲ့စည်းထားသည့် ရန်ပုံငွေရှာဖွေရေးအဖွဲ့မှ အလှူခံရရှိငွေကျပ် (၂၄၁၇၀၃၀၀၀) ကို လွှဲပြောင်းပေးအပ်လှူဒါန်းရာ ပျော်ဘွယ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးသိန်းထွန်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပြန်/ဆက်)