စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း(သထုံ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

သထုံ ဇူလိုင် ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း(သထုံ)တို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ဒုတိယကျောင်းအုပ်ဆရာမ(သင်ကြားရေး) ဒေါ်တင်တင်မော်က ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှုကြရေး၊ စာပေလေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာရေးကို လည်းကောင်း မြို့နယ် စာရေးဆရာများအသင်းဥက္ကဋ္ဌ ရွှေထုံခင်သီတာလှိုင်က အကျင့်စာရိတ္တ ကောင်းမွန်‌ရေး၊ ယဉ်ကျေးလိမ္မာရေး စသည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေး ဟောပြော‌ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ‌ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်