ပင်းတယ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မြို့မအားကစားကွင်းတွင် ယမန်နေ့ ညနေ့က၂၀၂၆ခုနှစ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖလားဇုန် အလိုက်အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ စစ်ရေးပြမှူးကဦးဆောင်၍ အားကစားသမားများမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းအား အလေးပြုကြသည်။ ထိုနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်အားရွတ်ဆိုကြကာ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများက တေးသီချင်းများဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဇုန်အလိုက်ပြိုင်ပွဲဝင်အသင်းစုစုပေါင်း ၁၆ သင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး၊ ၎င်းပြိုင်ပွဲအား ဇူလိုင်လ ၂၂ ရက်နေ့မှ ဩဂုတ်လ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ယမန်နေ့က ပထမပွဲစဉ်အဖြစ် မြို့မဇုန် ဘောလုံးအသင်းနှင့် ညောင်ကောက်ဇုန်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များက တခဲနက်အားပေးခဲ့ကြကြောင်းသိရပြီး၊ မြို့မဇုန်ဘောလုံးအသင်းက ညောင်ကောက်ဇုန်ဘောလုံးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)