ရန်ကုန် ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊သန်လျင်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား ၊ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများ ကင်းဝေးစေရေး ၊မျက်စိကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အောင်မြေအင်အား ကိုယ်ပိုင် အ.လ.က ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အောင်မြေအင်အား ကိုယ်ပိုင် အ.လ.က ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား သွားတစ်ချောင်းနှင့် သွားဖုံးသားဖွဲ့စည်းတည်ဆောက်ထားပုံ၊ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သွားပိုးစားရောဂါဖြစ်ပွားလာပုံနှင့် နောက်ဆက်တွဲဖြစ်စဉ်များ စစ်မှန်သော သွားတိုက်နည်းများ၊ မျက်စိကျန်းမာရေးနှင့် ဆောင်ရန်၊ရှောင်ရန်အချက်များအား အသိပညာပေး ဟောပြောခဲ့ပြီး ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)