မိုင်းပျဉ်း ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် မူးယစ်ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် တိရစ္ဆာန်များဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် ယမန် နေ့နက်(၁၀)နာရီက ပိန်းဆန်းရပ်ကွက်၊ ဝမ်မိုင်ရွာ၊ လားဟူဘုရားကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကျော်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်သန်းက တိရစ္ဆာန်ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်က လားဟူဘာသာစကားဖြင့် ပြန်လည်ဘာသာပြန် ရှင်းလင်းပြောခဲ့သည်။ ထို့နောက် မူးယစ်ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကြက်၊ဝက်တိရစ္ဆာန်များနှင့် မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးများကို တာဝန်ရှိသူများကပေးအပ်ကြရာ ကျေးရွာသူ၊ကျေးရွသားများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မူးယစ်ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် တိရစ္ဆာန်များဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုများမှ ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)