တာလေမြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်တင်မြှာက်ရန်အတွက် ကြီးကြပ်ရေးမှူး(၅)ဦးရွေးချယ်

တာလေ        ဇန်နဝါရီ       ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ အမှတ်(၃)ရပ်ကွက်၌  ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ပြင်ဆင်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသစ်ပြန်လည် ရွေးချယ်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက်ရှိ တာလေဘုန်းကြီးကျောင်း ခန်းမ ဆောင်တွင်  ကြီးကြပ်ရေးအဖွဲ့ (၅)ဦး ရွေးချယ်ပွဲ ကျင်းပခဲ့သည်။

ရွေးချယ်ပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဆောင်ရွက်ပုံ အဆင့်ဆင့်ကို အကျယ်တဝင့် ရှင်းလင်း‌ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြပြီး အမှတ်(၃)ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများ၏ အဆိုပြုရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့(၅)ဦးကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျရွေးချယ်ပေးခဲ့ကြသည်။

တာလေမြို့တွင် မြို့ပေါ်ရပ်ကွက်(၄)ခုနှင့်ကျေးရွာအုပ်စု(၃)ခုရှိပြီး ကြီးကြပ်ရေးအဖွဲ့ဝင်များ ရွေးချယ်ခြင်းကို မြို့အဆင့် ကော်မတီဥက္ကဋ္ဌ အဖြစ်မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက ဦးဆောင်ကြီးကြပ်ကာ ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့ဖြင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများအလိုက် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)