ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းရိုးမမွေးမြူရေးဇုန်ရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ညောင်ရွှေ ဇူလိုင် ၂၃

နိုင်ငံ့စီးပွါးမြှင့်တင်ရေးအတွက် အသေးစား၊ အလတ်စား၊ အငယ်စားဒေသထွက်ကုန်များကို ထုတ်လုပ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၂၂) ရက် နံနက်ပိုင်းကရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိများနှင့်အတူ ကလောခရိုင်၊ ညောင်ရွှေမြို့၊ ရှမ်းရိုးမမွေးမြူရေးဇုန်ရှိ ရှင်းလင်းဆောင်ခန်းမ၌ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းရိုးမမွေးမြူရေးဇုန်သည် အောင်မြင်နေသော မွေးမြူရေးဇုန်တစ်ခုဖြစ်ပါကြောင်း၊ ဇုန်အတွင်းရှိ လုပ်ငန်းရှင်များကလည်း တိရိစ္ဆာန်အစာအတွက် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသော ဒေထွက်ကုန်ကြမ်းများကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုသွားကြရန်လိုအပ်ပါကြောင်း၊ ခြံထွက်ကြက်ဥများကိုလည်း ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်မွေးမြူရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ရှမ်းရိုးမမွေးမြူရေးဇုန် (၁) ၏ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီးမွေးမြူရေးလုပ်ငန်းရှင်များက လုပ်ငန်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဦးစိုင်းလုံမွေးမြူထားသော အလုံပိတ်အအေးပေးစနစ် ဥစားကြက်မွေးမြူရေးရုံအား သွားရောက်လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့အတက်လမ်း၊ ရှုခင်းသာပန်းခြံအနီးတွင် Welcome To Taunggyi City မီးလင်းဆိုင်းဘုတ် ပြုလုပ်ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုရာ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆိုင်းဘုတ်အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)