လယ်ဝေးမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ ကျင်းပ

လယ်ဝေး ဇူလိုင် ၂၃

ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မတော်တဆမှုများလျော့နည်း ကျဆင်းရေးအတွက် ပြည်သူလူထုအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သိရိမင်္ဂလာခန်းမ၌ အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရက အမှာစကားပြောကြားသည်။ ဆက်လက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှဒုရဲမှူးကျော်ခိုင်၊ ဒုရဲမှူး အောင်ဝင်းစိုးနှင့် ရဲအုပ်မင်းထွေးတို့က မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်များ သတ်မှတ်ယာဉ်ကြောမှ မောင်းနှင်စေရန်နှင့် လက်ယာဘက်ကပ်မောင်းစေရေး၊ ဆိုင်ကယ်စီးနင်းသူတိုင်း ဆိုင်ကယ်ဦးထုပ်ဆောင်းစေရေး၊ မော်တော်ယာဉ်အသုံးပြုသူများ အသက်ကယ်ထိုင်ခုံခါးပတ်ပတ်စေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား အသိပညာပေးဟောပြောသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လမ်းအသုံးပြုသူပြည်သူများမှ သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ဖြေကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)