ဥတ္တရသီရိမြို့နယ် ဖောင်းလောင်ကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး

ဥတ္တရသီရိ    ဇန်နဝါရီ      ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့ နံနက် ၁၁ နာရီက ပဉ္စမအကြိမ်မြောက် မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ ဖောင်းလောင်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းအိဖြိုးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးရေး ကော်မတီဝင်များက ကျေးရွာ အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၃၀)ဦးအတွက် ငွေကျပ်(၁၆၂)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၅၉) ဦးအတွက် ငွေကျပ်(၁၉၂)သိန်း၊ အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူ (၅)ဦးအတွက် ငွေကျပ်(၂၈)သိန်း၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ(၂)ဦးအတွက် ငွေကျပ်(၁၀)သိန်း စုစုပေါင်းလုပ်ငန်း လုပ်ကိုင်သူ (၉၆)ဦးအတွက် ငွေကျပ် (၃၉၂)သိန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးသည့်ကျေးရွာ စုစုပေါင်း (၁၈) ရွာရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။

အောင်ကို(ပြန်/ဆက်)