နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၏ သား/ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

နေပြည်တော် ဇူလိုင် ၂၃

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် ဇနီး ဒေါ်လွင်မီသင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီအတွင်း‌ ရေးမှူးနှင့် ဇနီး၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက နေပြည်တော်ကောင်စီရုံးနဲ့ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာထမ်း/အမှုထမ်းများဟာ နိုင်ငံတော်ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် မိမိတို့ဌာနရဲ့ ရည်မှန်းချက် တာဝန်များကို အောင်မြင်စေရန် အဆင့်အလိုက် ပူးပေါင်းဆောင်ရွက် နေကြတဲ့ လုပ်ဖော်ကိုင်ဖက်များဖြစ်ပါ‌ကြောင်း၊ ဌာန အောင်မြင်ဖို့အတွက် ဝန်ထမ်းတစ်ဦးရဲ့ စွမ်းဆောင်ရည်တစ်ခုတည်းနဲ့ မရရှိနိုင်ဘဲ၊ ဝန်ထမ်းအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ကျေပွန်မှုနဲ့ အပြန်အလှန်နားလည်ယုံကြည်မှုတို့ဖြင့်ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်တက်အောင် ယခုကဲ့သို့ လက်ရည်တစ်ပြင်တည်း အတူတကွစားသောက်ခြင်းက ဌာနအတွင်း ဆက်ဆံရေးကောင်းမွန်စေပြီး မိသားစုတစ်စုကဲ့သို့ စည်းလုံးညီညွတ်မှုကို ပိုမိုတိုးတက်စေမှာဖြစ်ကြောင်း၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာရှိတဲ့ ဝန်ထမ်းများ အနေဖြင့် ဌာနအဖွဲ့အစည်းရဲ့ လုပ်ငန်းတာဝန်များအပေါ် တာဝန်ကျေပွန်မှု၊ စည်းကမ်းရှိရှိ၊ သစ္စာရှိရှိ စိတ်ဝင်တစား လုပ်ဆောင်နေမှုများကို အသိအမှတ်ပြု အလေးထားပါကြောင်း၊  ယခုထက် ပိုမိုနွေးထွေးစွာ မိသားစုစိတ်ဓာတ်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ညီညီညွတ်ညွတ်ဆက်လက်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းမှာကြားလိုကြောင်း၊ နေပြည်တော်ဟာ ပြည်ထောင်စုနယ်မြေသာမက နိုင်ငံတော်ရဲ့ မြို့တော်လည်းဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးရဲ့ စံနမူနာပြဖြစ်တဲ့အတွက် ဝန်ထမ်းများဟာ အစိုးရတစ်ရပ်အနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တစ်ခုလုံးရဲ့ လူမှုစီးပွားဘဝနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အချိန်နဲ့တစ်ပြေးညီ စီမံဆောင်ရွက်အကောင်အထည်ဖော်ရမှာဖြစ်ပြီး အမှန်တကယ် အလုပ်လုပ်ရန်နှင့် အောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ယနေ့ခေတ်ဟာ ပညာရေးခေတ်ဟု ခေါ်ဆိုနိုင်တဲ့ခေတ်ဖြစ်တာနဲ့အညီ နည်းပညာနှင့်ဗဟုသုတများ အလျင်အမြန် တိုးတက်နေတဲ့ကာလမှာ ပညာရှာဖွေမှုဟာ လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ပညာရေးဟာ လူတစ်ဦးချင်းစီရဲ့ ဘဝအတွက်သာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့အနာဂတ်အတွက် မရှိမဖြစ် အခြေခံအုတ်မြစ်ကြီးဖြစ်ပြီး နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက်လည်း အမျိုးသားပညာရေးကဏ္ဍကို အလေးထားမြှင့်တင်ရေးကို ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် မိဘများ အနေနဲ့ ကျောင်းသားလူငယ်များ ပညာရည်မြင့်မားတိုးတက်အောင် လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် မောင်သော်လင်းချစ်နှင့် (၅) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် မသွယ်နှင်းချစ်တို့ကို ဂုဏ်ပြုဆုများ‌ ချီးမြှင့်ပေးအပ်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး ဒေါ်လွင်မီသင်နှင့် တာဝန်ရှိသူများက တစ်ဘာသာဂုဏ်ထူးရှင်နှင့် ရိုးရိုးအောင်မြင်သူတို့အား ဂုဏ်ပြုဆုများ‌ အသီးသီးချီးမြှင့်ပေးအပ်ကာ ကျောင်းသား/ သူများ၏ကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဇနီး ဒေါ်လွင်မီသင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိသားစုသဖွယ်နေ့လယ်စာ အတူသုံးဆောင်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တာဝန်ရှိသူများလိုက်ပါလျက် ဒက္ခိဏသီရိမြို့နယ်ရှိ စံပယ်လမ်းမကြီး၊ တော်ဝင်သီရိလမ်း၊ သဇင်လမ်းနှင့် တော်ဝင်ရတနာလမ်းတို့၏ လမ်းဘေးဝဲ/ယာ ရေမြောင်းများ၌ မိုးသည်းထန်စွာရွာသွန်း၍ ရေဝင်ရောက်မှုအခြေအနေများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စက်ယန္တရားဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ပုဗ္ဗသီရိမြို့နယ် ရာဇသင်္ဂဟအိမ်ရာ (၁) အတွင်း လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ပုဗ္ဗသီရိမြို့နယ်ရှိ ဆင်သေချောင်း (သိုက်ချောင်းတံတားအနီး) နှင့် ဥယျာဉ်တံတားများသို့သွားရောက်ပြီး ဆင်သေချောင်းရေစီးဆင်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအ‌ပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရ‌သည်။

အောင်မျိုးဝင်း(ဥတ္တရ)