ချမ်းအေးသာစံ ဇူလိုင် ၂၃
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်ရှိ ပရိယတ္တိသာသနဟိတအသင်းကြီးတွင် (၁၂၀) ကြိမ်မြောက် နယုန်လစာအောင်ဘွဲ့ပုံတော်အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၂၂ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့မစိုးရိမ်တိုက်သစ် မဟာနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ မှန်ဇောတာရုံကျောင်းဆရာတော် မဂ္ဂမဟာပဏ္ဌိတ ဘဒ္ဒန္တဣဒ္ဓိကာဘိဝံသနှင့် ပင့်သံဃာများ၊ စာချတန်အောင်နှင့် စာသင်တန်းအောင် သံဃာတော်များ၊ မန္တလေးမြို့ ပရိယတ္တိသာသနဟိတ အသင်းကြီး အတွင်းရေးမှူး ဦးဇော်ဇော်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မစိုးရိမ်တိုက်သစ် မဟာနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသမှ ငါးပါးသီလခံယူ၍ မေတ္တာသုတ်ပရိတ်တရားတော်အား နာယူခဲ့ပြီး ဩဝါဒစဏိယ ဆရာတော်၊ ပုစ္ဆကဆရာတော်၊ စာအောင်ဆရာတော်များအား တစ်ပါးလျှင် သင်္ဃါန်းတစ်စုံ၊ ဩဝါဒစဏိယ ဆရာတော် တစ်ပါးလျှင် တစ်သိန်းကျပ်၊ ပုစ္ဆကဆရာတော် တစ်ပါးလျှင် နှစ်သိန်းကျပ်၊ စာချတန်းအောင် တစ်ပါးလျှင် ၂၀ သိန်းကျပ်၊ စာသင်တန်းအောင် တစ်ပါးလျှင် ၁၅ သိန်းကျပ်တို့အား ပရိယတ္တိသာသနဟိ အသင်းကြီးမှ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)