အင်းစိန်မြို့နယ်၌ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ရှင်သန် ခိုင်မာရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ် ရေးကော်မတီ အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပိန္နဲကုန်းရပ်ကွက်၊ ပိန္နဲကုန်း စာကြည့်တိုက်နှင့် မြို့သစ်(က+ခ) ရပ်ကွက်၊ (က/၃)လမ်း မိသားစု စာကြည့်တိုက်များသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာကြည့်တိုက် ကော်မတီဝင် များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ပထမဆုံး တာဝန်တစ်ရပ် အနေဖြင့် ရပ်ကွက် စာကြည့် တိုက်များသို့ ကွင်းဆင်းကာ တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီသို့ တရားဝင် မှတ်ပုံတင် လျှောက်ထားနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဉက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဒေါ်ခင်နှင်းကြည်နှင့် အဖွဲ့ဝင်များ က စာကြည့်တိုက်၏ လိုအပ်နေသော စာအုပ်စာတမ်းများ၊ ပရိဘောဂများ၊ ပြင်ဆင်ရန် လိုအပ်သည့် အဆောက်အဦး လိုအပ်ချက် များ၊ စာကြည့်တိုက်မှူးများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး ရပ်ကွက်စာကြည့်တိုက်များမှ တာဝန်ရှိသူများက တင်ပြလာ သည့် လိုအပ်ချက်များအပေါ် တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီထံသို့ တင်ပြပေး နိုင်ရေး ဆောင်ရွက်ပေးသွားမည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်မြင့်မြင့်သိန်း (စာရေးဆရာမ တက္ကသိုလ်မြမဉ္ဇူ) မိသားစု က ငွေကျပ်(၃)သောင်း၊ မြို့သစ်(က+ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်စိုးက သုတစာအုပ်(၁၆)အုပ်နှင့် ငွေကျပ်(၃)သောင်း၊ မြို့သစ် (က+ခ) ရပ်ကွက်စာရေး ဒေါ်လဲ့လဲ့ထွန်းက ငွေကျပ်(၂)သောင်းတို့ကို  မြို့သစ်(က+ခ)ရပ်ကွက်၊ (က/၃) မိသားစု စာကြည့်တိုက်သို့ လှူဒါန်းရာ စာကြည့်တိုက်မှူးနှင့် စာကြည့်တိုက် ကော်မတီဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)