အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)နှင့် စက်ရုံ/အလုပ်ရုံ၊ MSME လုပ်ငန်းရှင်များတွေ့ဆုံ ဆွေးနွေးပွဲကျင်းပ

တောင်ငူ ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး၊ နည်းပညာပိုင်းဆိုင်ရာ တိုးတက်ပြန့်ပွားစေရေးနှင့် MSME လုပ်ငန်းများတိုးတက်ကောင်းမွန်စေရေးတို့အတွက်ရည်ရွယ်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)နှင့်စက်ရုံ/အလုပ်ရုံ၊ MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 ဆွေးနွေးပွဲတွင် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဦးတင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)ကျောင်းအုပ်ကြီး ဒေါက်တာကျော့ကျော့ရီက ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။

အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)မှ ကျောင်းအုပ်ကြီးနှင့်တကွဌာနမှူးများ၊ ဒုတိယဌာနမှူးများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်ရရှိစေရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး နည်းပညာဆိုင်ရာများဆွေးနွေးခြင်း၊ တီထွင်ဖန်တီးမှုများ ဆောင်ရွက်ရေးနှင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး စသည်တို့အတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ပါဝင်ဆွေးနွေးအကြံပြုပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)