ချမ်းအေးသာစံ ဇူလိုင် ၂၂
ဘဝနတ်ထံပျံလွန်တော်မူသွားသော နိုင်ငံတော်ဩဝါဒါစရိယ၊ မိုးကောင်းတိုက်၊ ဇယဝတီကျောင်း ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနာဘိဝံသ သက်တော်(၉၀)နှစ် သိက္ခာတော်(၇၀)ဝါရှိ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ် ကလာပ်တော်အား ဇူလိုင် ၂၁ ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းအောင်ကြည်တို့သည် သွားရောက်ဖူးမြော်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့သည် နာယက ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပနအခမ်းအနားဖြင့် ကျင်းပသွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ နာယကဆရာတော်ကြီးများထံက ဩဝါဒများခံယူပြီး အန္တိမအဂ္ဂိဈာပန အခမ်းအနားအတွက် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် တာဝန်ရှိသူ များအား လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယနေ့ နံနက်ပိုင်းက ဘဝနတ်ထံ ပျံလွန်တော်မူသွားသော နိုင်ငံတော် ဩဝါဒါစရိယ၊ မိုးကောင်းတိုက်၊ ဇယဝတီကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလဆန်း ၁၃ ရက်၊ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် (၁၁)နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး မွန်းတည့်(၁၂) နာရီအချိန်တွင် တပည့်သံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမများက အေးရိပ်ငြိမ် သုဿန်သို့ပင့်ဆောင်၍ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)