ချမ်းအေးသာစံ ဇူလိုင် ၂၂
ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပညာရေးစာပေ တိုးတက်စေရန်သာမက အသိပညာဗဟုသုတများစွာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်ကာ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းတို့ကို အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျောင်းသားလူငယ်များအား စာအုပ်စာပေများနှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ စာအုပ်စာပေဖတ်ရှုခြင်းများမှ အမှား၊ အမှန်ကိုဝေဖန်ပိုင်းခြားနိုင်သည့် စိတ်သဘောထားများ ရရှိစေရန်တို့အတွက် သုတ၊ ရသ စာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း၊ လူငယ်များ၏ ဘဝတက်လမ်းကိုဖျက်ဆီးစေနိုင်သည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းနှင့် လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံ နံရံကပ်များကိုခင်းကျင်းပြသခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ၊ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)