ကျောက်ဆည် ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးစပါး ၅၂၈၁၇ ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး မိုးစပါးများ လျာထားချက်ပြည့်မီကျော်လွန်ရေး ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့နှင့်တာဝန်ရှိသူများက တောင်သူများနှင့်ပူးပေါင်းကာ ယမန့်နေ့နံနက်ပိုင်းက သင်ပုတ်ကျေးရွာ၌ မျိုးစေ့ချတန်းဆွဲစနစ်ဖြင့် ဧရာမင်းမိုးစပါးများ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ဧရာမင်းမိုးစပါးစိုက်ပျိုးခြင်းကို ကွင်းအမှတ်(၁၆၂)၊ ဦးပိုင်အမှတ်(၃၃/၂) ငါးလုံကုန်း စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသားတောင်သူ ဦးဉာဏ်ခ၏ လယ်မြေ ၅ ဧကတွင် စိုက်ပျိုးခဲ့ပြီး လယ်တစ်ဧကတွင် မျိုးစပါး ၁၈ ပြည်အသုံးပြု၍ ၆ တန်းသွား မျိုးစေ့ချတန်းဆွဲစနစ်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စပါးစိုက်ပျိုးနေမှုများကို မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ ကျောက်ဆည်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ကျ ကွင်းတာဝန်ခံ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အတွင်းရေးမှူးတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)