မရမ်းကုန်း ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်မော်က “စာဖတ်ခြင်း၏အကျိုး” ခေါင်းစဥ်ဖြင့် စာဖတ်ခြင်းအလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့်အကျိုးကျေးဇူးများစွာရရှိနိုင်ပုံ၊ ကျောင်းစာများအပြင် ပြင်ပသုတရသ စာအုပ်စာစောင်များကိုလည်းဖတ်ရှုသင့်ကြောင်းကို အကျယ်တဝင့် ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများအား ဉာဏပြိုင်ပွဲများဖြစ်သည့် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ကာယပြိုင်ပွဲများဖြစ်သည့် ဘောလုံးပစ်ပြိုင်ပွဲနှင့်ခါးလှည့်ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီး မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝေယံ(မရမ်းကုန်း)