ကာမိုင်း ဇူလိုင် ၂၂
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ တနိုင်းဘက်မှမြစ်ဖျားခံစီးဆင်းလာသော နန့်ကောင်းချောင်းနှင့် အင်းတော်ကြီးဘက်မှ မြစ်ဖျားခံစီးဆင်းလာသော အင်းတော်ချောင်းတို့မှ ရေများလျှံတက်လာမှုကြောင့် ဇူလိုင်လ(၂၀)ရက် ညနေပိုင်းမှစ၍ မြို့အဝင်ကားလမ်းပေါ်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း အနိမ့်ပိုင်နေရာများဖြစ်သည့် လူနေအိမ်များထဲသို့ ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေများဝင်ရောက်မှုကြောင့် ကာမိုင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြို့မရပ်ကွက်၊ ဇီးကျွန်းရပ်ကွက်၊ မအူပင်စုရပ်ကွက်နှင့် မြစိမ်းရောင်ရပ်ကွက်တို့တွင် မြေနိမ့်ပိုင်းနေရာများရှိ လူနေအိမ်များထဲသို့ ရေများဝင်ရောက်နေသဖြင့် ရေနစ်မြုပ်မှုများမရှိစေရေအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများပူးပေါင်း၍ ရေဘေးသင့်ပြည်သူများဖြစ်သည့် အိမ်ထောင်စု(၃၅)စု၊ လူဦးရေ(၁၃၀)ဦးတို့အား မြို့မဘုန်းကြီးကျောင်း၊ နှစ်ခြင်းဘုရားကျောင်းနှင့် နီးစပ်ရာဆွေမျိုးအိမ်များတွင် ယာယီပြောင်းရွှေ့နေရာချထားခဲ့ကြောင်း သိရသည်။
ရေကြီးမှုဖြစ်စဉ်နှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ကာမိုင်း(ပြန်/ဆက်)