တာမွေ ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၃၄) အခြေခံပညာမူလတန်း ကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၃၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းတာဝန်ခံ ဆရာမက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာ ပေးရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် မူလတန်းအဆင့်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တာမွေမြို့နယ်ရှိ အမှတ်(၃၄) အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ခဲ့ကြ သည့် ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များ အား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အခမ်းအနားသို့ တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာမွေမြို့နယ်ရှိ အမှတ်(၃၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းတာဝန်ခံဆရာမနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေလေ့လာဖတ်ရှုရာမှတစ်ဆင့် အသိဉာဏ်ပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် အဆိုပါစာဖတ်ရှိန် မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားများကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထက်တံခွန်(ပြန်/ဆက်)