ရွှေကူ ဇန်နဝါရီ ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟို ပြုစီမံကိန်း တတိယနှစ်စက်ဝန်းမှ ဆောင်ရွက်သော ကျေးရွာခန်းမဆောင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်တွင် မိုးစစ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း၊ ရွှေကူမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုမြင့်နှင့်တာဝန်ရှိသူများ၊ စီမံကိန်းအထောက်အကူပြု ကော်မတီဝင်များက လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် ဆောင်ရွက်သော မိုးစစ်ကျေးရွာ ခန်းမဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကျေးရွာနေပြည်သူများအား လူထုဗဟိုပြုစီမံကိန်း လုပ်ငန်း များ ဆောင်ရွက်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် လူထုဗဟို ပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်ဆိုလူကျော်က ကျေးရွာ နေပြည်သူများမှ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရာတွင် စီမံကိန်း၏ရည်ရွယ်ချက်အတိုင်း ဖွံ့ဖြိုးရေး စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြသည့်အတွက် ကျေးရွာခန်းမဆောင်အား အောင်မြင်စွာဆောင်ရွက်နိုင်ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ရာ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းလှက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ မိုးစစ်ကျေးရွာရှိ ခန်းမဆောင်သည် အလျား ၆၀ပေ၊ အနံ ၃၆ပေ၊ အမြင့် ၁၃ ပေရှိပြီး စီမံကိန်းထောက်ပံ့ငွေ(၁၇,၆၉၅,၁၅၈)ကျပ်နှင့် ကျေးရွာလူထု ထည့်ဝင်ငွေ (၉၀၀,၀၀၀)ကျပ် ဖြင့်ဆောင်ရွက်ခဲ့ရာ စုစုပေါင်းကုန်ကျငွေ (၁,၈၅၉၅,၁၅၈)ကျပ်ဖြစ်ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)