မြစ်သား ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ၊ စာအုပ် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က မြို့မအနောက်(အ.မ.က)ကျောင်းမှ ကျောင်း သား၊ ကျောင်းသူများကို ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မင်းကျော်က ငလျင်လှုပ် နေစဥ်လိုက်နာရမည့်အချက်များ၊ ငလျင်လှုပ်ခတ်ပြီး နောက်လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဘေးမဖြစ် ပေါ်မီလိုက်နာရမည့်အချက်များ၊ မုန်တိုင်းဘေးဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဘေး ဖြစ်ပေါ်ပြီးနောက် ဆောင်ရန်ရှောင်ရန်များနှင့် ရေဘေးဖြစ်ပေါ်နေချိန်လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ ရေဘေးဖြစ်ပေါ်ပြီးပါက လိုက်နာရမည့်အချက်များ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့သည်။ ဆက်လက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)