ကျောက်ဆည် ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၃)နာရီက ကရာတေး သင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရှသည်။
ကရာတေးအားကစား ပြုလုပ်ခြင်းဖြင့် အရိုးနှင့်ကြွက်သားများသန်မာစေခြင်း၊ ကာယပိုင်း၊ ဉာဏပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရောဂါများ ဖြစ်စေနိုင်သည့် အခွင့်အလမ်းများ လျော့နည်းစေခြင်း၊ ကိုယ်အလေးချိန် ထိန်းချုပ်နိုင်သည့် နည်းလမ်းကောင်း တစ်ခုဖြစ်ပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများဖြစ်ပွားခြင်းမှကာကွယ်နိုင်ခြင်း၊ အမောခံနိုင်ခြင်း၊ သက်လုံ ကောင်းခြင်း၊ ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
သင်တန်းတွင် အခြေခံအကြောလျှော့နည်း၊ လက်သီးထိုးနည်း၊ ခြေထောက်ထိုင်နည်း၊ ကာကွယ်နည်း၊ ရိုက်ခတ်နည်း၊ ခြေကန်နည်းများ သင်ကြားပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်သား/ကျောင်းသူ(၁၇)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ် စေရန်နှင့် ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်လာစေရန်အတွက် သင်တန်းများအခမဲ့ ဖွင့်လှစ်ပေးလျက် ရှိကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)