စဉ့်ကိုင်မြိုနယ်၌ ဆိတ်ပလိပ်ရောဂါစူးစမ်းရှာဖွေနိုင်ရေး သွေးရည်ကြည်နမူနာပစ္စည်းများ ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စဉ့်ကိုင် ဇူလိုင် ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စဉ့်ကိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဆိတ်ပလိပ်ရောဂါ ကင်းရှင်းကြောင်း စူးစမ်းဖော်ထုတ်နိုင်ရေးအတွက် သွေးရည်ကြည် နမူနာပစ္စည်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက တပ်ကြီးကျေးရွာအုပ်စု၊ တပ်ကြီးကျေးရွာ၊ မုန်ပင်ကျေးရွာအုပ်စု၊ ကန်ကြီးကျေးရွာနှင့် ရွာသစ်ကျေးရွာအုပ်စုတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကျော်ချမ်းညိမ်းက ဆိတ်ပလိပ် ရောဂါလက္ခဏာများအကြောင်း၊ ကူးစက်ပြန့်ပွားပုံနှင့် ကာကွယ်ကုသနိုင်မည့် နည်းလမ်းများအကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ကျော်ချမ်းညိမ်းနှင့် ဝန်ထမ်းများက တပ်ကြီးကျေးရွာအုပ်စု၊ တပ်ကြီးကျေးရွာ၊ မုန်ပင်ကျေးရွာအုပ်စု၊ ကန်ကြီးကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ရှိ ဆိတ်အကောင်ရေ ၄၅ ကောင်အား Clinical Survey ကောက်ယူခြင်းနှင့် သွေးရည်ကြည် နမူနာပစ္စည်း ရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်)