ကျောက်ဆည် ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ကြက်သွန်၊ ပဲတီစိမ်း၊ ငရုပ်၊ ငှက်ပျော၊ ဝါ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး မြစ်၊ချောင်းများဘေးရှိ နှုန်းတင်မြေနုများနှင့် ယာမြေအချို့တွင် ပန်းမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်များ စိုက်ပျိုးကြရာ ဇရပ်ဖြူကျေးရွာတွင် ဦးအေးကို စိုက်ပျိုးထားသော တိုင်ထောင်ပဲတောင့်ရှည်များ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ် ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျှက် ရှိကြောင်း သိရှိရသည်။
ပဲတောင့်ရှည်သီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့်အတွက် သွင်းအားစုကုန်ကျ စရိတ်သက်သာသော သီးနှံတစ်မျိုးဖြစ်ပြီး ရေကြိုက်နှစ်သက်သည့်အတွက် အစိုဓာတ်မပြတ် ရေသွင်းပေးရကြောင်း၊ အပင်အားဆေးနှင့် သဘာဝပိုးနှင်ဆေးများဖျန်းပေးရကြောင်း၊ ပဲတောင့်ရှည်သီးနှံသည် နေ့စဉ်(သို့မဟုတ်) တစ်ရက်ခြား ခူးဆွတ်ရောင်းချရသည့် ကုန်စိမ်းသီးနှံ ဖြစ်ပြီး ရောင်းဈေးအနေဖြင့် အဝယ်ဒိုင်များတွင်သွင်းပါက ပဲတောင့်ရှည် (၁)ပိဿာ (၂၅၀၀) ကျပ်နှင့် လက်လီရောင်းချပါ (၄၀၀၀)ကျပ်ရောင်းချရသည့်အတွက် ပဲတောင့်ရှည် စိုက်ပျိုးသူများ အဆင်ပြေလျှက်ရှိကြောင်း သိရှိ ရသည်။
ကျောက်ဆည်မြို့နယ်တွင် ပဲတောင့်ရှည်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မျှားနီတံဆိပ်ကို အဓိထား စိုက်ပျိုးကြပြီး မျိုး(၂)ထုပ်စိုက်ပျိုးပါ ငွေကျပ်(၁၀၀၀၀၀)ခန့်ကုန်ကျကြောင်းနှင့် စိုက်ပျိုးပြီး (၂)လအကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ အသီးလှိုင်ချိန်တွင်တစ်ခါခူးဆွတ်ပါက ပိဿာချိန်(၃၀) ကျော် ခူးဆွတ်ရကြောင်း၊ တိုင်ထောင်ဝါးများသည် (၄)နှစ်ခန့်အထိ အသုံးပြု၍ ရသောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ပြန်/ဆက်)