စစ်တွေ ဇူလိုင် ၂၂
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆန်နှင့်စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းကို ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။ ဆက်လက်၍ စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကာ ဆန်နှင့် စားသောက်ဖွယ်ရာများ၊ ဆေးဝါးများကို အငြိမ်းစားဝန်ထမ်းများအား ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ၏ လူဦးရေစာရင်း မှန်ကန်စေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ၏ လူဦးရေစာရင်း မှန်ကန်စေရေး၊ ယာယီနေရပ်စွန့်ခွာ ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေ၊ ယာယီနေရပ်စွန့်ခွာသူများနေထိုင်သည့် အဆောက်အအုံများ၊ ယာယီလူနေဆောင်/တန်းလျားများကောင်းမွန်စေရေး၊ UN, INGO, NGO အဖွဲ့အစည်းများမှ ထောက်ပံ့ပေးအပ်သည့် ဆေးဝါး၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ သက်ဆိုင်သူများလက်ထဲသို့ မှန်မှန်ကန်ကန်ရောက်ရှိရေးတို့ကို စနစ်တကျကြပ်မတ် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်မည့် ကိစ္စရပ်များရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ယာယီနေရပ်စွန့်ခွာသူများ၏ လူဦးရေစာရင်း မှန်ကန်စေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအား ပြန်လည်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)