ကျိုက်ထိုမြို့နယ်၌ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကျိုက်ထို ဇူလိုင် ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက် ကုန်ဖြစ်သည့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာမှ ဖြန့်ဝေပေးထားသော စားအုန်းဆီများကို ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ဇူလိုင် ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံသည် စားအုန်းဆီကွင်းဆင်းစစ်ဆေးရေး အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက်ကားရောင်းချသည့် နေရာများသို့ သွားရောက်ကာ စားအုန်းဆီ ကွင်းဆင်းစစ်ဆေးရာတွင် မှန်(၆) မှန် ဖြစ်သည့် နိုင်ငံတော်မှ ခွဲတမ်းဖြင့် ချထားပေးသော စားအုန်းဆီများကို ပြည်သူများထံ ပြန်လည်ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ အရည်အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိ၊ နေရာအချိန် တိကျမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိနှင့် ပြည်သူများထံသို့ အမှန်တကယ် ရောင်းချခြင်းရှိ/မရှိ စသည့်တို့ကို စစ်ဆေးခဲ့ကြပြီး ပြည်သူများအား ရောင်းချရာတွင်လည်း သန်းခေါင်စာရင်း၊ ဆီထုတ်ယူရေး စာအုပ်စနစ်များဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ ကို စစ်ဆေးခဲ့ကြသည်။

ထို့နောက် စစ်ဆေးရေးအဖွဲ့သည် စားအုန်းဆီအရောင်းဆိုင်ပိုင်ရှင်များအား ပြည်သူများ သက်သာစွာ ဝယ်ယူနိုင်ရေး ဖြန့်ဝေပေးထားသည့် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အချိန်အတွယ် လိမ်လည်ခြင်းနှင့် တရားမဝင် သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအပါအဝင် တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်