ကော့မှူး ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် သမင်ခြံကျေးရွာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်က သမင်ခြံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က အဖွင့်အမှာစကား ပြောကြားရာတွင် မိသားစုအပိုဝင်ငွေရရှိစေရန် နည်းပညာများကို အသုံးပြု၍ အဝတ်အထည်များကို ဒီဇိုင်းခေတ်မီလှပပြီး ဈေးကွက်ဝင်အထည်များဖြစ်အောင် ဆက်လက် ဆောင်ရွက်ကြရန်နှင့် သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းက သင်တန်းသူများအား သင်တန်းထွက် ကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်နှင့်အဖွဲ့ဝင်များက သင်တန်းဆရာမအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး သင်တန်းသူများအား သင်တန်းထွက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ရာ သင်တန်းသူများ ကိုယ်စား ဒေါ်စုစုလွင်ကကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာသူများက သင်တန်းသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)