မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၌ ပိုမိုကောင်းမွန်သော သတင်းရေးသားနည်းသင်တန်းဖွင့်

ရန်ကုန် ဇူလိုင် ၂၁

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စီစဉ်ဖွင့်လှစ်သော သတင်းမီဒီယာသင်တန်း အမှတ်စဉ် (၈) ပိုမိုကောင်းမွန်သော သတင်းရေးသားနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို သတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက သင်တန်းဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်သန့်က မုဒိတာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကျော်ဒင်က ပိုမိုကောင်းမွန် သောသတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနတို့က တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သတန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး (၁) ဦးစိန်တိုး က သင်တန်းမှူးအဖြစ် ကြီးကြပ်ပြီး သင်တန်းဆရာများဖြစ်သည့် ဦးမြတ်စိုး (မြတ်စိုး-လှိုင်) က အခြေခံသတင်းရေးသားနည်း၊ ဦးခင်မောင်ကျော်ဒင် (စာတည်းမှူးချုပ်-ငြိမ်း)က အဆင့်မြင့်သတင်းရေးသားနည်း၊ ဦးစိုင်းခမ်းလင်းက သတင်းဓာတ်ပုံရိုက်ကူးတည်းဖြတ်ခြင်း၊ ဒေါ်ခင်ရတနာ (စာတည်မှူး-မြန်မာ့အလင်း) က သတင်းဆောင်းပါးရေးသားခြင်း ဘာသာရပ်တို့ကို ဇူလိုင်လ ၂၀ ရက်မှ ၂၄ ရက်ထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ပုဂ္ဂလိကသတင်းမီဒီယာများမှ သင်တန်းသား/သင်တန်းသူ (၂၈)ဦး တက်ရောက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ (၉၅)ဦးနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ(၂)ဦးက Zoom စနစ်ဖြင့် အွန်လိုင်းမှ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)