ကော့မှူးမြို့နယ် သရက်တောကျေးရွာ၌ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲကျင်းပ

ကော့မှူး ဇူလိုင် ၂၁   

ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်သရက်‌တော ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်းကျင်းပသော သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်‌ လေ့ကျင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊  ကော့မှူးမြို့နယ် မုတ်ကျွန်းတာ (သရက်တောအပိုင်း) သရက်တောကျေးရွာအုပ်စု၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က မုတ်ကျွန်းတာ  ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ကြောင့် တာတမံအောက်ဘက်ရှိပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ရေဘေးအန္တရာယ်ကျရောက်ပြီး ပျက်စီးဆုံးရှုံးရခြင်းမှ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း‌ ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ပေါင်သွဲ့တန်က သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသွင်ယုနိုင်ကသဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအားရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ တွံ‌တေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့်အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)