နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ်အခွန်တွက်ချက်ပေးဆောင်မှုစနစ် Vehicle Automatic Valuation System (VAVS) အသုံးပြုပုံအဆင့်ဆင့် ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် ဇူလိုင် ၂၁

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံးမှ ပြုလုပ်သည့် မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ်အခွန်တွက်ချက်ပေးဆောင်မှုစနစ် Vehicle Automatic Valuation System (VAVS) အသုံးပြုပုံအဆင့်ဆင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက မော်တော်ယာဉ်ဝယ်ယူ/ ရောင်းချခြင်းများအပေါ် အခွန်ကိစ္စစိစစ်မှုခံယူရန်အတွက် သက်ဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ရခြင်း၊ အခွန်ပေးဆောင်နိုင်ရန် ငွေသွင်းချလန်အထောက်အထားရယူ၍ ဘဏ်သို့သွားရောက်ရခြင်း၊ သက်ဆိုင်ရာ ရုံးများတွင် အခွန်ဆိုင်ရာစိစစ်ဆောင်ရွက်ပြီးကြောင်းထောက်ခံချက် (Tax Clearance Certificate) နှင့် လုံခြုံမှုအဆင့်ပါ အခွန်စည်းကြပ်မှုအထောက်အထား (ပတခ(၀င)-၀၄-၀၈) ထုတ်ယူရခြင်းစသည့် လုပ်ငန်းများကို ပြောင်းလဲတိုးတက်လာသော သတင်းအချက်အလက်နည်းပညာခေတ်နှင့်လျော်ညီစွာ အီလက်ထရောနစ်ဝန်ဆောင်မှုစနစ်ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး ဦးသက်ဆိုင်အောင်က မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ်အခွန်တွက်ချက်ပေးဆောင်မှုစနစ် Vehicle Automatic ValuationSystem (VAVS) အသုံးပြုပုံအဆင့်ဆင့်တို့အား ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ သိရှိလိုသည်များကို  မေးမြန်း‌ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)