သာစည်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) သင်တန်းဖွင့်

သာစည် ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဥပဒေရုံးမှ ကြီးမှူးကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၁ ရက်နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ခရိုင် ဥပဒေအရာရှိဒေါ်ချောစုစုလွင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် မြို့နယ်ဥပဒေအရာရှိဦးအောင်ဖြိုးလွင်က သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ခရိုင်ဥပဒေအရာရှိ၊ သာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မျိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ထို့နောက်သင်တန်းကို မြို့နယ်ဥပဒေအရာရှိကဆက်လက်ပို့ချရာ သင်တန်းသားများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြကြောင်းသိရသည်။ အဆိုပါသင်တန်းကို  နေ့စဉ်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ဥပဒေအရာရှိနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများက ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ငါးရက်ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်း(သာစည်)