ဗိုလ်တထောင် ဇူလိုင် ၂၁
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ဇူလိုင် ၁၈-၇-၂၀၂၆ ရက်နေ့ ညနေ (၁၅:၀၀) နာရီအချိန်က အမှတ် (၁၀) ရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမတွင် ဗိုလ်တထောင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အဖွင့်အမှာစကားပြောကြားရာ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ လွှတ်တော်တွင် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အတွက် တင်ပြဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားခြင်း၊ ဌာနဆိုင်ရာများမှ ပြည်သူများဝန်ဆောင်မှုလုပ်ငန်းအား ပြည့်ပြည့်ဝဝဆောင်ရွက်ပေးစေလိုကြောင်းနှင့် အဂတိကင်းရှင်းစွာဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလည်း လုပ်ငန်းများ စနစ်တကျဆောင်ရွက်စေလိုကြောင်း၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားကိစ္စများ ကင်းရှင်းအောင်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆောင်မှ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ စားအုန်းဆီ ဖြန့်ခွဲရောင်းချနေမှုအခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ ရဲမှူးတင်ကိုကိုမှ လုံခြုံရေးကိစ္စများအား ဆွေးနွေးတင်ပြခြင်း၊ သူနာပြုသင်တန်းကျောင်းမှ ဝန်ထမ်းများနေထိုင်ရန် အိမ်ခန်းရရှိရေးကိစ္စ တင်ပြခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှရေရရှိရေး၊ ရေမြောင်းများရှင်းလင်းပေးရေး၊ နောက်ဖေးလမ်းကြား အမှိုက်ရှင်းလင်းရေးကိစ္စများအား အသီးသီးတင်ပြခဲ့ကြသည်။ ထိုတင်ပြမှုများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှုူး ဦးသန်းစိုးတို့မှ ပြန်လည်ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်နှင့် တွေ့ဆုံပွဲအား (၁၇:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက်)