မင်္ဂလာဒုံ ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း Public Talk ကို ယမန်နေ့ နေ့လယ် ၁ နာရီက သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စု၊ ခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနိုင်က အမှာစကားပြောကြားခြင်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးမောင်မောင်က ထပ်ဆင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက ပြည်သူ့စကားဝိုင်း (Public Talk) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနိုင်နှင့်ဒေါ်လေးလေးမြင့်တို့က လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နိုင်မှု အခြေ အနေများ၊ အစိုးရ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထုအကြား ပြည်သူ့အသံကို အခြေခံကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ဆွေးနွေး ခဲ့ကြပြီးနောက် ကျေးလက်ဒေသဖွံ့ ဖြိုးရေးခေါင်းစဉ်နှင့်အညီ မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား တင်ပြဆွေးနွေးနိုင်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက လမ်း၊ တံတား၊ ရေ၊မီး၊ ကျေးလက်ဒေသ သန့်ရှင်းသာယာလှပရေး ၊အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ရင်ဆိုင် တွေ့ကြုံနေရသော လမ်း၊ တံတား အခက်အခဲများ၊ ရေနုတ်မြောင်းများ၊ လမ်းမီး၊ ယာဉ်လိုင်းဂိတ်များ၊ ကျောင်းအဆင့်မြှင့်တင်ရေး ကိစ္စရပ်များ စသည့်လိုအပ်ချက်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)